Monday, June 30, 2014

နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်းများ SIM lock ဖြစ်နေခြင်းကို ဂျပန်အစိုးရ ပယ်ဖျက်သွားမည်

ဂျပန်နိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ၏ ဆင်းမ်ကတ်များကို ဆက်သွယ်ရေး ကုမ္ပဏီများက lock လုပ်ထားကြပြီး လစဉ်ငွေကြေးမြောက်များစွာ ပေးနေရလျက်ရှိရာ ယခုအချိန်တွင် အစိုးရက ဆင်းမ်ကတ်များ lock လုပ်ခံရခြင်းကို ပယ်ဖျက်စေမည်ဟု ကြေညာခဲ့ကြောင်း ဇွန်လ ၂၉ ရက်က CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဆင်းမ်ကတ်များတွင် ကုမ္ပဏီများမှ Lock ချထားခြင်းကို ပယ်ဖျက်စေမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ဆင်းမ်ကတ်အတွင်း Lock လုပ်ထားခြင်းဖြင့် မိမိတို့၏ ဟန်းဆက်တွင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုတည်းကိုသာ အသုံးပြုနိုင်ပြီး နောက်ထပ် ဖုန်းလိုင်းလိုချင်ပါက နောက်ထပ် ဟန်းဆက်တစ်မျိုး ထပ်မံဝယ်ယူရသည်။
ကြေညာချက်ကို ဂျပန်အခြေစိုက် Jiji Press က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ယင်းအစီအစဉ်၏ အသေးစိတ်အား ဆက်လက် ဖော်ပြသွားမည် ဟု ရေးသားထားသည်။
ယခုလို ဆင်းမ် lock ပယ်ဖျက်ခြင်းသည် အစိုးရအနေဖြင့် နိုင်ငံအတွင်း ဆက်သွယ်ရေး အတွက်ပြည်သူ တို့၏ ကုန်ကျစရိတ်များကို လျော့ချသွားစေရန်ဖြစ်သည်ဟု Jiji Press က ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့ထံမှ ဖုန်းလိုင်းဝယ်ယူထား သူတို့ အခြား ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာထံသို့ ရောက်မသွားစေရန် ယခုလို ဆင်းမ်ကတ်များကို Lock လုပ်ထားခြင်း ဖြစ်သည်။

No comments:

Post a Comment